International News

ဩစတြေးလျနိုင်ငံက ဒစ်ဂျစ်တယ်ကုန်သွယ်မှု မဟာဗျူဟာ (Digital Trade Strategy) ထုတ်ပြန်လိုက်ခြင်း

Last Updated:

ဩစတြေးလျအစိုးရသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုမဟာဗျူဟာ (Digital Trade Strategy) ကို ၁-၄-၂၀၂၂ ရက်နေ့တွင် ချမှတ် လိုက်ကြောင်း ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ၁-၄-၂၀၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ အစိုးရသည် ယင်းမဟာဗျူဟာမှတစ်ဆင့် ကြိုးနီစနစ်ကိုလျှော့ချကာ နိုင်ငံတကာစျေးကွက်များသို့ ဝင်ရောက်မှုတိုး တက်စေခြင်းဖြင့် ကုန်သွယ်မှုအခွင့်အလမ်းသစ်များနှင့် အလုပ်အကိုင်များကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ ရှင်းလင်းပြီး၊ အရည်အသွေးမြင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုစည်းမျဉ်းများသည် ကုန်သွယ်မှု အတွက် အတားအဆီးများကို သိသိသာသာလျှော့ချနိုင်ပြီး၊ ကုန်သွယ်ရေးအကျိုးအမြတ်ဖြစ်ထွန်းမှုများ (Trade Efficiencies) ကို တိုးတက်ကောင်းမွန်စေရန်နှင့် စျေးကွက်ဝင်ရောက်ခွင့်လွယ်ကူချောမွေ့စေကာ သြစတြေးလျနှင့် ဒေသတွင်းအတွက် ကုန်သွယ်မှု အလားအလာအသစ်များ ဖန်တီးပေးနိုင်ကြောင်း သိရှိရသည်။

ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် နည်းပညာများသည် ဩစတြေးလျစီးပွားရေးတိုးတက်မှုအတွက် အခြေခံအကျဆုံးဖြစ်ပြီး၊ အစိုးရက ဩစတြေးလျနိုင်ငံကို ၂၀၃၀ ပြည့်နှစ်တွင် ထိပ်တန်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဖြစ်ရန် မျှော်မှန်းကာ ဒစ်ဂျစ်တယ် စီးပွားရေးမဟာဗျူဟာ ၂၀၃၀ (Digital Economy Strategy 2030) ကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဒစ်ဂျစ်တယ်ကုန်သွယ်မှုသည် ၂၀၃၀ ပြည့်နှစ်တွင် ဩစတြေးလျဒေါ်လာ ၁၉၂ ဘီလီယံအထိ တိုးလာနိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှုကို မြှင့်တင်ခြင်းဖြင့် သြစတြေးလျစီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ရာ ခိုင်မာသော ဒစ်ဂျစ်တယ်ကုန်သွယ်မှုစည်းမျဉ်းများသည် သြစတြေးလျနိုင်ငံ၏ ဆက်လက်စီးပွားရေး ပြန်လည်နာလန်ထူမှုအတွက် အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရှိရသည်။ ဒစ်ဂျစ်တယ်ကုန်သွယ်မှုမဟာဗျူဟာ (Digital Trade Strategy) ကို https://www.dfat.gov.au/ publications/ trade-and-investment/digital-trade-strategy တွင် Download ရယူနိုင်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News